ယောက်ျားလေးတစ်ယောက်ကို လိင်ကျန်းမာရေးအကြောင်း ဘယ်အရွယ်မှာ စသင်ပေးကြမလဲ
နိုင်ငံခြားမှာတော့ ကလေးတွေကို လိင်ကျန်းမာရေးနဲ့ လိင်ပညာပေးအကြောင်း အခြေခံကျောင်းမှာကတည်းက စသင်ပေးခဲ့ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လိင်ပညာပေး (Sex Education) ကို လိင်တဏှာလှုံ့ဆော်မှုလို့ မြင်နေကြသေးတာကိုက စိတ်ပျက်စရာ အခြေအနေတစ်ခုပါပဲ။ လူရယ်လို့ ဖြစ်လာပြီဆိုရင် လိင်မှုကိစ္စနဲ့ ရှောင်လွဲလို့မရသလို၊ ကိုယ့်မှာ အခြေခံဗဟုသုတတွေ ပြည့်နေမှပဲ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ဘဝအနာဂတ် အခက်အခဲတွေကို ကာကွယ်နိုင်မှာပါ။
ဒါဆို ယောက်ျားလေးတွေအတွက် ဘယ်အရွယ်မှာ လိင်ပညာပေးကြမလဲ။
၁။ ယောက်ျားလေးတစ်ယောက်အတွက် လိင်ပညာပေးအကြောင်း စောနိုင်ရင် စောနိုင်သလောက် ပြောပြထားတာ အကောင်းဆုံးပါပဲ။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် “ကလေးတွေဆိုတာ ဘယ်လိုဖြစ်လာတာလဲ၊ ဘာတွေကြားဖူးထားလဲ” အစရှိသဖြင့်ပေါ့။ ကလေးတွေကို ရှက်စေမယ့်ပုံစံမျိုး မလုပ်ဘဲ၊ သူတို့လေးတွေ မြင်တဲ့အတိုင်း၊ သိထားသင့်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြတာကို နားထောင်ကြည့်ပါ။ ညစ်ညမ်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေထက် ယဉ်ယဉ်ကျေးကျေး မှန်ကန်တဲ့ အသုံးအနှုန်းတွေကိုပဲ အဓိကသုံးပေးပါ။
၂။ ကိုယ့်ကလေးရဲ့ အသက်အရွယ်နဲ့ ပညာအရည်အချင်းအလိုက် အသေးစိတ်ရှင်းပြဖို့ လိုလား၊ တော်သင့်ရုံလောက်ပဲ ရှင်းပြရမလားဆိုတာ မိဘတွေကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ အဓိက အချက်အလက်မှန်ပြီး အပြုသဘောဆောင်တဲ့ ရှင်းပြချက်မျိုးကိုသာ ပေးဖို့ အရေးကြီးပါတယ်။
၃။ ကလေးတွေဟာ စူးစမ်းတတ်တဲ့အရွယ်တွေဖြစ်တာကြောင့် သူတို့စိတ်ထဲ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုသိချင်လာတဲ့အခါ လူကြီးတွေကို မေးပါလိမ့်မယ်။ အဲဒီအခါ ကလေးတွေကို အပြစ်တင်တာမျိုး၊ ဝေဖန်တာမျိုး မလုပ်ဘဲ သူတို့သိချင်တာကို သေချာရှင်းပြပြီး ဖြေပေးစေချင်ပါတယ်။
၄။ အဓိက လိင်ကျန်းမာရေးအကြောင်း ပြောတဲ့အခါ မိဘနှစ်ဦးလုံး အနားမှာအတူရှိတာ ပိုကောင်းပါတယ်။ ယောက်ျားလေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာအကြောင်း သီးသန့်ပြောတဲ့အခါ အဖေတစ်ဦးတည်းပြောပေးရုံနဲ့ လုံလောက်ပါတယ်။
၅။ လူပျိုဖြစ်ကာစအရွယ်မတိုင်ခင်ကာလ (ဥပမာ ကလေးအသက် ၁၀ နှစ်ဝန်းကျင်) မှာ လူပျိုဖြစ်တဲ့အခါ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကို ဖခင်ဖြစ်သူက ကြိုတင်ပြောပြပေးထားပါ။ အဓိက အသံ၊ ရုပ်ခန္ဓာ၊ လိင်အင်္ဂါပြောင်းလဲမှု၊ ဝက်ခြံ၊ လိင်အာသာဖြေတာတွေကို ဖခင်ဖြစ်သူကနေ တိုက်ရိုက်အပြည့်အစုံမဟုတ်ရင်တောင် ကလေးအတွက် ဗဟုသုတဖြစ်ပြီး စိတ်ရှုပ်ထွေးလောက်စေမယ့် ပုံစံမျိုး မဖြစ်သွားအောင် ရှင်းပြပေးနိုင်ရင် အဆင်ပြေပါတယ်။
၆။ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်တဲ့အခါ ၂၁ ရာစုရဲ့ ခေတ်မီတဲ့ မိဘတွေအနေနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ ဘောင်ကျဉ်းကျဉ်းအမြင်တွေမထားဘဲ လွတ်လပ်မှုနဲ့ နားလည်မှုအပြည့်ရှိပေးပါ။ ကိုယ့်ကလေးကို ဖိအားပေးပြီး ချုပ်ကိုင်ထားတာမျိုးလည်း မလုပ်သင့်သလို၊ သူတို့တွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို အတင်းအကြပ်မေးတာမျိုးလည်း မလုပ်ပါနဲ့။ မိဘတွေအနေနဲ့ တတိယလူ၊ ဘေးလူ (Third-person) အနေနဲ့ ကိုယ့်ကလေးရဲ့ အပြုအမူတွေကိုပဲ သေချာစောင့်ကြည့်ပေးပါ။
၇။ လူပျိုဖြစ်စအရွယ် (အသက် ၁၂ နှစ်နောက်ပိုင်း) မှာ ယောက်ျားလေးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအခြေအနေတွေ၊ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးသင့်ကြောင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ အကာအကွယ် (ကွန်ဒုံး) ကို မှန်ကန်စွာ အသုံးပြုနည်း၊ လိင်ဆက်ဆံလိုစိတ်နဲ့ လိင်စိတ်တိမ်းညွတ်မှုအရ လိင်ဆက်ဆံလိုစိတ်၊ စိတ်ဝင်စားတတ်တဲ့ ခံစားချက်တွေဟာ ပုံမှန်ဖြစ်တဲ့အကြောင်း၊ ကို မိဘတွေအနေနဲ့ သေချာပြောပြထားပေးဖို့ အရေးကြီးပါတယ်။
များသောအားဖြင့် မှီးကောင်ပေါက်အရွယ်မှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်ပိုပြီး လိင်မှုကိစ္စပိုင်းမှာ စိတ်အားထက်သန်ကြသလို၊ အမှုမဲ့အမှတ်မဲ့ ပြုမူတတ်တာကြောင့် မလိုအပ်တဲ့ အမှားတွေ ဖြစ်မလာစေဖို့ မိဘတွေက စောစီးစွာ လိင်ကျန်းမာရေးအကြောင်းကို ရှင်းပြပေးထားတာ အကောင်းဆုံးပါပဲ။ လိင်ကျန်းမာရေးဆိုတာ လူတွေထင်ထားသလို ဘယ်လိုလိင်ဆက်ဆံရမလဲ၊ လိင်အသားပေးမှု ရာဂလှုံ့ဆော်တာတွေ မဟုတ်ဘဲ မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေကို ကြိုတင်ကာကွယ်ပေးတဲ့အနေနဲ့ သင်ရတဲ့ ပညာရပ်ဖြစ်တာကြောင့် မိဘတွေလည်း အမြင်ကျယ်ကျယ်နဲ့ စိတ်ရှင်းရှင်းထားပြီး ကိုယ့်ကလေးတွေကို သေချာရှင်းပြပေးဖို့ အကြံပေးချင်ပါတယ်။
အကယ်လို့ ကိုယ်က မိဘအနေနဲ့ သေချာမရှင်းပြပေးချင်ဘူးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လူချင်းတွေ့ပြောပြပေးတာဖြစ်စေ၊ အွန်လိုင်းကနေ လေ့လာခိုင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်